International News

COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ရိုက်ခတ်မှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ် ဒုတိယ သုံးလပတ် ကာလအတွင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေး သည် ဆိုးရွားစွာကျဆင်းခဲ့သည့်အခြေအနေ

Last Updated:

COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုဂယက်ကြောင့် ကုန်သွယ်ရေးကဏ္ဍ အထူးသဖြင့် ပို့ကုန်တင်ပို့နိုင်မှုကိုထိခိုက်သည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်၊ ဒုတိယ သုံးလပတ်ကာလအတွင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးသည် (-၃.၃) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ယင်းသည် ၁၉၉၈ ခုနှစ်၊ စီးပွားရေးအကျပ်အတည်း ဖြစ်ပွားခဲ့ပြီးသည့်ကာလနောက်ပိုင်းတွင် အဆိုးရွားဆုံးသော ကျဆင်းမှုတစ်ရပ်ဖြစ်ကြောင်း (၂၃-၇-၂၀၂၀) ရက်နေ့တွင် ဗဟိုဘဏ် The Bank of Korea (BOK) ၏ ထုတ်ဖော် ပြောကြားချက်အရ သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ပို့ကုန်ကိုအဓိကအားပြုလျက်ရှိပြီး၊ COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ရိုက်ခတ်မှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှဇွန်လအတွင်းတွင် ပြည်တွင်းစားသုံးမှုတန်ဖိုးအနည်းငယ်ပြန်တက်ခဲ့သော်လည်း ယင်းက ကျဆင်းနေသည့် ပို့ကုန်တန်ဖိုးကို မကာမိခဲ့ကြောင်း၊ အကြမ်းဖျင်းအားဖြင့် နိုင်ငံ GDP ၏တစ်ဝက်ခန့်သည် ပို့ကုန်ပေါ်တွင် မူတည်လျက်ရှိကြောင်း သိရှိရပါသည်။

၂၂၀၂၀ ပြည့်နှစ်၊ ဒုတိယသုံးလပတ်ကာလအတွင်းတွင် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်သည် (၁၆.၆) ရာခိုင်နှုန်း ကျဆင်းခဲ့ရာ၊ ယင်းသည် ၁၉၇၀ ခုနှစ် နောက်ပိုင်းတွင် အများဆုံး ကျဆင်းခဲ့မှု ကိန်း ဂဏန်းတစ်ရပ်ဖြစ်ကြောင်း၊ ပို့ကုန်တင်ပို့နိုင်မှုအနေဖြင့် မော်တော်ယာဉ်နှင့်လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်မှုကဏ္ဍ လျော့ကျခဲ့ပြီး ရောင်းအားလည်းကျဆင်းခဲ့ကြောင်း၊ တောင်ကိုရီးယား နိုင်ငံမှ အဓိကတင်ပို့နေသော ကုန်သွယ်ဖက် နိုင်ငံများ၏ COVID-19 ဆိုင်ရာ ပြည်ဝင်ခွင့်ကန့်သတ်မှု အခြေအနေများက ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးပိုင်းကို အခက်အခဲဖြစ်စေပြီး၊ မော်တော်ယာဉ် နှင့် Smart Phones တို့၏ ပြည်ပဝယ်လိုအားကို သိသာစွာ လျော့ကျစေကြောင်း၊ သို့ဖြစ်၍ ယင်းသည် တောင်ကိုရီးယား၏ ပို့ကုန်ကဏ္ဍကို ထိခိုက်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ဗဟိုဘဏ် (BOK) မှ စီးပွားရေးစာရင်းအင်းဗျူရို၏ အကြီးအကဲ Mr. Park Yang-soo က ပြောကြားခဲ့ပါသည်။

စီးပွားရေးသီအိုရီအရ သုံးလပတ်ကာလ(၂)ခုဆက်တိုက် GDPတိုးတက်မှုနှုန်းကျဆင်းခဲ့လျှင် နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်အတွက် အကျဘက် သို့သာ ဆက်လက်ဦးတည်နေမည် ဖြစ်သည့်အတွက် စိုးရိမ်မှုများရှိနေကြောင်း၊ သို့ရာတွင် ဗဟိုဘဏ်နှင့် စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၂၀ ပြည့်နှစ် ကျန်ရှိနှစ်ဝက်ကာလအတွင်းတွင် နိုင်ငံ၏ စီးပွားရေးပြန်လည် နာလန်ထူလာနိုင်ရန် မျှော်လင့်ထားပါကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှု အားထိန်းချုပ်နိုင်ခဲ့ပြီးသည့်နောက်တွင် စီးပွားရေးလျှင်မြန်စွာ နာလန်ထူတိုးတက်လာခဲ့ကြောင်း၊ တောင်ကိုရီးယား အနေဖြင့်လည်း အလားတူတိုးတက်လာနိုင်ရန် မျှော်လင့်ကြောင်းသိရှိရပါသည်။

ဘဏ္ဍာရေးဝန်ကြီး Mr. Hong Nam-ki အနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအတွင်း စီးပွားရေးကျဆင်းခဲ့ပြီး သည့်နောက် တတိယသုံးလပတ်တွင် ပြန်လည်တိုးတက်ရန်မျှော်လင့်ထားပြီး၊ လက်ရှိ COVID-19 ကူးစက်ပျံ့နှံ့မှုအခြေအနေသည် ပိုမိုလျော့နည်း လာပါက ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် တောင်ကိုရီးယား၏ စီးပွားရေးအခြေအနေ ပြန်လည်ကောင်းမွန်လာနိုင်မည်ဟု သုံးသပ်ကြောင်းသိရှိ ရပါသည်။ သို့ရာတွင် ပြည်တွင်းစီးပွားရေးပညာရှင်များကမူ COVID-19 ကြောင့်သာမက အခြားသော မရေရာမသေချာသည့် External Factors များလည်းရှိနေသေးကြောင်း၊ စာရင်းအင်းအချက်အလက်များပေါ်တွင် သုံးသပ်၍သာ နှစ်ကုန်ပိုင်းတွင် စီးပွားရေး ပြန်လည်တိုးတက်ရန် မျှော်လင့် သော်လည်း အမှန်တကယ် တိုးတက်လာနိုင်ခြင်း ရှိ/ မရှိ ကိုမူ စောင့်ကြည့်မည်ဖြစ်ကြောင်း Yonsei University ၏ စီးပွားရေးပညာရှင် Mr. Sung Tae-yoon က သုံးသပ်ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ ပြည်တွင်းစားသုံးမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ တတိယသုံးလပတ် ကာလအတွင်း တည်ငြိမ်သည့်အနေအထားသို့ ပြန်လည်ရောက်ရှိလာနိုင်ရန် မျှော်လင့်ထားသော်လည်း မမျှော်မှန်းနိုင်သည့် ပြင်ပအကြောင်းအရာများနှင့် မသေချာမရေရာသည့် အခြေအနေ များက ချက်ချင်းပြန်လည်တိုးတက်ကောင်းမွန်လာရန်မူ မဖြစ်နိုင်သေးကြောင်း ပြည်တွင်းစီးပွားရေး ပညာရှင်များက သုံးသပ်လျက်ရှိကြပါသည်။ 

 

Source: Ministry of Trade, Indurstry and Energy၊ The Korea Times၊ The Korea Herald၊ Yonhap News 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News